
အောင်ဝေး၏ နွေဦးတော်လှန်ရေး ကဗျာ၁၀၀ ပဉ္စမအုပ် - လက်ယက်ကုန်း ဂွာယာနီကာ - e-Book - 2.99 US$
အောင်ဝေး၏ နွေဦးတော်လှန်ရေး ကဗျာ၁၀၀ ပဉ္စမအုပ် - လက်ယက်ကုန်း ဂွာယာနီကာ ထွက်ပြီ
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅
နွေဦးတော်လှန်ရေးစတင်ကတည်းက ကဗျာဆရာ အောင်ဝေး နွေဦးအတွက်ကဗျာတွေ နေ့စဉ် တစိုက်မတ်မတ်ရေးပါတယ်။ သူ့ ကဗျာ အပုဒ် ၁၀၀ တိုင်းကို စာအုပ် တအုပ် ဖြစ်အောင် ထုတ်ပါတယ်။ မိုးမခကလည်း အောင်ဝေး၏ ကဗျာ ၁၀၀ ကို ကူညီပြီး ထုတ်ဝေ ဖြန့်ချိပါတယ်။ အခု ၅ အုပ် မြောက် ထုတ်ဖြစ်ပါပြီ။ တကယ်တမ်းက ကဗျာက ၁၀၀ မကတော့ ပါဘူး။ မိုးမခဘက်က လစဉ်ထုတ်နိုင်ဖို့ ပျက်ကွက်တာ အားနည်းတာကြောင့်ပါ။ အောင်ဝေးဘက်က မပျက်ကွက်ခဲ့ပါ။
စာအုပ်တန်ဖိုး က အမေရိကန်ဒေါ်လာ ၄၀။ အွန်လိုင်းက မှာရင် စာတိုက်ခ (အမေရိကန်ပြည်တွင်းအတွက်သာ) ၅ ဒေါ်လာ ကျသင့်ပါတယ်။ နွေဦးရန်ပုံငွေဆိုတော့ မိုးမခက မြန်မာပြည်တွင်းက လိုအပ်ချက်ရှိနေတဲ့ စာပေအနုပညာသည်တွေကို အားပေးမှု ပြုပါတယ်။ အများအပြား အကြီးအကျယ် မလုပ်နိုင်ပါ။ ကဗျာ၊ စာပေ၊ သတင်းသမားတွေအတွက် ကျောက်စက်ရေ တစက်မျှသာ ဆောင်ကျဉ်းနိုင်ပါတယ်။ editors@moemaka.net ကို မေးပြီး မှာပါ။
အောင်ဝေး၏ အမှာစာကို အခုလို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
ယခုစာအုပ်မျက်နှာဖုံးမှာ ကမ္ဘာကျော် ပန်းချီဆရာကြီးပါဘလိုပီကာဆို၏ "ဂွာယာနီကာ"(၁၉၃၇)*ပန်းချီကားကို ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်ပါသည်။ နွေဦးတော်လှန်ရေးကြီး၏ အလယ် စစ် ကာလထဲတွင်၊ စက်တင်ဘာ ၁၆၊ ၂၀၂၂ နေ့က စစ်ကောင်စီလေတပ်က စစ်ကိုင်း တိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကိုလေကြောင်းမှဗုံး ကြဲတိုက်ခိုက်သဖြင့် ကျောင်းသူကျောင်း သားလူမမည်ကလေး(၆)ဦးအပါဝင် ရွာ သား(၁၃)ယောက်သေဆုံးခဲ့ရပါသည်။ တစ်ပြည်လုံး မခံမရပ်နိုင်ဖြစ်ရသည့်ထိုအိပ်မက်ဆိုးကိုအခြေခံကာ ကျနော်က "လက်ယက်ကုန်းဂွာယာနီကာ"ခေါင်းစဥ် ဖြင့် ကဗျာတစ်ပုဒ်ရေးခဲ့ပါသည်။