ကြေးမုံဦးသောင်း (၁၉၂၆-၂၀၀၈) အမှတ်တရ - e-Book 2.99$
ကြေးမုံဦးသောင်း (၁၉၂၆-၂၀၀၈) အမှတ်တရ
ကိုသက် | ဇူလိုင် ၉၊ ၂၀ဝ၈
လွန်ခဲ့သည့် ဧပြီလတွင် ကွယ်လွန်ခဲ့သည့် သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ) ကွယ်လွန်ခြင်း အမှတ်တရ စာအုပ်ကို အမေရိကန်အခြေစိုက် မိုးမခ မီဒီယာအဖွဲ့က ထုတ်ဝေလိုက်သည်။
၎င်းစာအုပ်သည် မိုးမခ မီဒီယာတွင် ဖော်ပြခဲ့သည့် သတင်းစာဆရာကြီး ကြေးမုံဦးသောင်း၏ ဆောင်းပါးများနှင့် မောင်စွမ်းရည်၊ ဝင်းဖေ၊ မာမာအေး၊ ခင်မောင်ကြီး (ရှမ်းပြည်)နှင့် မောင်ရစ် တို့ရေးသားသည့် ကြေးမုံဦးသောင်းအကြောင်း ဆောင်းပါးများကို စုစည်းတင်ပြထားပြီး စာအုပ်ရောင်းရငွေကို သပိတ်မှောက်စာနယ်ဇင်းသမားများ ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဟု မိုးမခ အယ်ဒီတာအဖွဲ့ဝင် ကိုမောင်ရစ်က ဧရာဝတီကို ပြောသည်။
“ကြေးမုံဦးသောင်းဆိုတာ စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် သူ့ကလောင်ကို ပြည်တွင်းမှာစတေးပြီး ပြည်ပမှာ ပြန်တည်ဆောက်ခဲ့တာ အနှစ် ၆၀ လုံးလုံး ကွယ်လွန်သွားတဲ့အထိ တိုက်သွားတာကို အလေးဂရုပြုတဲ့အနေနဲ့ … နောက်ပြီး ပြည်တွင်းမှာ စာပေလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်တွေအတွက် အာဏာပိုင်ကို အာခံနေတဲ့လူတွေအတွက်ပေါ့ဗျာ” ဟု ကိုမောင်ရစ်က ပြောသည်။
ကြေးမုံဦးသောင်းကဲ့သို့ပင် ၂၀ဝ၇ ခုနှစ် နေက်ပိုင်း၌ မြန်မာနိုင်ငံတွင် အာဏာပိုင်အလိုကျမရေးပဲ ဖိနှိပ်မှုများကို တော်လှန်ဖောက်ထွက်သည့် ကိုစောဝေ၊ ကိုအောင်ဝေး၊ ကိုကြည်မောင်သန်း တို့ကဲ့သို့သော စာပေသမားများ ပိုများလာသည်ဟုလည်း ကိုမောင်ရစ်က ပြောသည်။
ကြေးမုံဦးသောင်းသည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် စစ်တပ်ကို ဝေဖန်သည့်စာများရေးသားရင်း နာမည်ကြီးလာကာ ၁၉၆၄ ခုနှစ် ကြေးမုံသတင်းစာတိုက်ကို ပြည်သူပိုင် အသိမ်းခံရပြီးနောက် ကြေမုံဦးသောင်း ထောင်ဒဏ် ၃ နှစ် ချခံရသည်။
ကြေမုံဦးသောင်းသည် ၁၉၇၃ ခုနှစ်တွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကော်ပိုရေးရှင်း၌ တတိယ အထွေထွေမန်နေဂျာ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချကာ ယခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်အထိ ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။
ကြေးမုံဦးသောင်း အမှတ်တရစာအုပ်သည် မိုးမခ မီဒီယာအဖွဲ့၏ တတိယမြောက် စာအုပ်ဖြစ်ပြီး
ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း တလပြည့် အထိန်းအမှတ်နှင့် ၆ လပြည့် အထိန်းအမှတ် စာအုပ်များကို ထုတ်ဝေခဲ့ပြီး့ ဖြစ်သည်။
စစ်အစိုးရက ၁၉ နှစ်ကြာအောင် အကျဉ်းချခံထားရသည့် သတင်းစာဆရာကြီး ဦးဝင်းတင် အကြောင်းကို မိုးမခက စာအုပ်ထုတ်ဝေရန် အစီအစဉ်ရှိသည်ဟုလည်း ကိုမောင်ရစ်က ပြောသည်။